Searching...
Sep 30, 2013

ဝိပဿနာဆိုတာ ဘာလဲ


ဗုဒ္ဓသာသနာတော်မှာ ဒါန ကုသိုလ်လုပ်ငန်း၊ သီလ ကုသိုလ်လုပ်ငန်း၊ သမထဘာဝနာ ကုသိုလ်လုပ်ငန်း၊ ဝိပဿနာဘာဝနာ ကုသိုလ်လုပ်ငန်းရယ်လို့ လုပ်ငန်းကြီး လေးခု ရှိပါတယ်။
အဲဒီလေးခုမှာ ဒါနကုသိုလ်လုပ်ငန်း ဆိုတာ ဗုဒ္ဓဘာသာဝင် အများစုနဲ့ အကျွမ်းဝင်နေကြပါတယ်။ လုပ်နေကြပါ တယ်။ အဲဒီ ဒါန ကုသိုလ်လုပ်ငန်းက တစ်ဆင့်တက်လိုက်လျှင် သီလ ကုသိုလ်လုပ်ငန်းပါ။ အဲဒီ သီလ ကုသိုလ် လုပ်ငန်းမှာ ဦးရေနည်းသွားပါတယ်။
သမထ ကုသိုလ်လုပ်ငန်းမှာ သီလ ကုသိုလ်လုပ်ငန်းထက် ပိုပြီး ဦးရေ နည်းသွားပါတယ်။ ဝိပဿနာကုသိုလ် လုပ်ငန်းမှာတော့ လုံးဝလုပ်ကို မလုပ်ဖူးသေးတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိနေပါတယ်။ လူတစ်ရာမှာ တစ်ယောက်နှုန်းလောက်အောင် ဝိပဿနာ မပွားဖူးသေးသူတွေ ရှိနေပါတယ်။

ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး တကယ့် အချုပ်အခြာအနေနဲ့ ဟောချင်တဲ့ တရားတော်က ဝိပဿနာ တရားပါပဲ။ ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး သက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်ကို ရောက်ပြီး၊ ဝါဆိုလပြည့်နေ့မှာ ဟောတဲ့ တရားဦး ဓမ္မစကြာကို ကြည့်ပါ။ ဝိပဿနာတရားပါပဲ။

ကြောက်နေကြပါတယ်
~~~~~~~~~~~~~
အဲဒီ နောက်ပိုင်းလည်း ဝိပဿနာတရားတော်ကိုချည်း အများဆုံး ဟောတော်မူပြီးတော့ နိဗ္ဗာန်ဝင်ခါနီးမှာလည်း သုဘဒ္ဒ ပရိဗိုဇ်ကို ဝိပဿနာတရားပဲ ဟောပြီး မမေ့ဖို့ အပ္ပမာဒတရားနဲ့ နိဂုံးချုပ် နိဗ္ဗာန်စံဝင်သွားပါတယ်။
ဒါပေမယ့် ဗုဒ္ဓဘာသာဝင် အများစုက ဘုရားရှင် အများဆုံးဟောခဲ့တဲ့ ဝိပဿနာတရားကို ကြောက်နေကြ ပါတယ်။ တော်တော် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းကြီး အားထုတ်ရတဲ့ တရားလို့ထင်ပြီး ကြောက်နေကြ ပါတယ်။ ကြောက်နေတဲ့အတွက် အားမထုတ်တာတွေ အများကြီး ရှိပါတယ်။
အဲဒီ ဝိပဿနာကို ကြောက်တာဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတဲ့ “ဗုဒ္ဓနည်းကျ ဝိပဿနာ* ကို မတွေ့ဖူးသေးလို့ပါ။ ဘုန်းကြီးတို့ ဒီနေ့“ဗုဒ္ဓနည်းကျ ဝိပဿနာဆိုတာ ဘာလဲ* ဆိုတဲ့ တရားကိုဟောပြပါမယ်။

ဝိပဿနာဆိုတာ
~~~~~~~~~
တရားနာ ပရိသတ် မှတ်လည်းမှတ်မိအောင်၊ နားလည်နားလည်အောင်၊ လင်္ကာလေးတွေ မှတ်ချင်တဲ့သူလည်း မှတ်လို့ရအောင် လင်္ကာချပြီး ဟောပေးပါမယ်။
“ဝိပဿနာဆိုတာ၊ ခန္ဓာမှာ၊ ပညာရှေ့သွား ရှုရမည်"
ဝိပဿနာဆိုတာ တခြား ခက်ခက်ခဲခဲကြီး မဟုတ်ပါ။ မိမိတို့ ရုပ်နာမ်ခန္ဓာမှာ ပညာရှေ့သွားပြီး ပညာနဲ့ ရှုကြည့်ရမှာပါ။ အေး၊ ဝိပဿနာရှုတဲ့အခါမှာ သမထနဲ့ ဝိပဿနာ ကွဲဖို့လိုပါတယ်။ သမထ အားထုတ်တဲ့အခါမှာ သမာဓိအား ကောင်းရပါမယ်။ သမာဓိ အားကောင်းမှ သမထကိစ္စပြီးပါမယ်။ ဝိပဿနာမှာ ပညာရှေ့သွားရှုရ ပါမယ်။ ပညာအားကောင်းမှ ဝိပဿနာကိစ္စ ပြီးပါတယ်။

အာရုံချင်းမတူပါ
~~~~~~~~~
ဝိပဿနာဆိုတာ ခြုံပြောရရင် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ နှစ်ပါး တစ်ပါးပါးမှာ ရှုရမှာပါ။ ရုပ်နာမ် ပရမတ် အာရုံမှာ ရှုရမှာပါ။ သမထဆိုတာ ပညတ်အာရုံမှာ ရှုရမှာပါ။ အရှုခံ အာရုံချင်းမတူပါ။
သမထရှုတဲ့အခါ သမာဓိ ရှေ့သွားရှိပြီး သမာဓိ အားကောင်းရပါတယ်။ ဝိပဿနာမှာ ပညာရှေ့သွားရှိပြီး ပညာ အားကောင်းရပါမယ်။ ဒါကြောင့် သမထနဲ့ ဝိပဿနာဟာ ရှုပုံ အကြောင်းကစပြီး မတူပါဘူး။

ကိုယ်မှာ မရှု ခန္ဓာရှု
~~~~~~~~~~~
အေး၊ "ဝိပဿနာဆိုတာ၊ ခန္ဓာမှာ၊ ပညာရှေ့သွား ရှုရမည်" ဆိုတဲ့အတိုင်း ဝိပဿနာရှုသူဟာ ကိုယ်မှာ မရှုရပါ။ ခန္ဓာမှာ ရှုရပါမယ်။
“ကိုယ်နှင့်ခန္ဓာ၊ ခွဲခြားကာ၊ သိတာ ဉာတပရိညာ” ဆိုတဲ့အတိုင်း ဝိပဿနာရှုလိုသူဟာ ဦးစွာပထမ ကိုယ်နှင့် ခန္ဓာကို ခွဲခြားပြီး သိထားရပါမယ်။ ကိုယ်ဆိုတာ ထိုင်ပြီးတော့ တရားဟော၊ တရားနာနေတဲ့ တစ်ကောင်လုံးကြီးကို ကိုယ်လို့ခေါ်ပါတယ်။ ကိုယ်ဟာ ပညတ်ပါ။ ကိုယ်ကိုတွေ့ရင် မေတ္တာထားပါ၊ သို့မဟုတ် အသုဘပွားပါ။ သို့မဟုတ် မရဏဿတိပွားပါ။ အဲဒီ မေတ္တာ၊ အသုဘနှင့် မရဏဿတိတို့ဟာ သမထတရားတွေပါ။

ခန္ဓာအကြောင်း
~~~~~~~~
ဝိပဿနာရှုရမှာက ရုပ်နာမ်ခန္ဓာမှာ ရှုရမှာပါ။ ခန္ဓာ တွေ့ရင် ဝိပဿနာပွားပါ။ "ကိုယ်နှင့်ခန္ဓာ၊ ခွဲခြားကာ၊ သိတာ ဉာတပရိညာ" ဆိုတဲ့အတိုင်း ယခု ကိုယ်ကို သိသွားပြီ၊ ခန္ဓာအကြောင်း ပြောရအောင်-
“ဖောက်ပြန် ခံစား မှတ်သား ပြုပြင် သိဝိညာဉ်၊ ငါးအင် ခန္ဓာ မှတ်” ဆိုတဲ့အတိုင်း ခန္ဓာငါးပါးကို မြန်မာ လို ပြောရရင် ဖောက်ပြန်တဲ့ခန္ဓာက တစ်ပါး၊ ပါဠိလို ရူပက္ခန္ဓာ သို့မဟုတ် ရုပ်ခန္ဓာပါ။ ဖောက်ပြန်တာက ရုပ်၊ ရုပ်ခန္ဓာ၏ အလုပ်သည် ဖောက်ပြန်တဲ့အလုပ်ပဲ၊ အေး၊ ဖောက်ပြန်တဲ့ အလုပ်ကို ရုပ်ခန္ဓာက လုပ်တယ်။ ခံစားတဲ့ အလုပ်က ဝေဒနာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာသည် ခံစားတဲ့ အလုပ်ကို လုပ်တယ်။
မှတ်သားတဲ့ အလုပ်ကို သညာက္ခန္ဓာက လုပ်တယ်။ သညာက္ခန္ဓာသည် မှတ်သားတဲ့ အလုပ်ကို လုပ်သည်။ နှိုးဆော်တိုက်တွန်း ပြုပြင်တဲ့ အလုပ်ကို သင်္ခါရက္ခန္ဓာသည် တိုက်တွန်းပြုပြင်တဲ့ အလုပ်ကို လုပ်တယ်။ သိတဲ့ အလုပ်ကို ဝိညာဏက္ခန္ဓ္ဓာက လုပ်တယ်။ ဝိညာဏက္ခန္ဓာသည် သိတဲ့ အလုပ်ကို လုပ်တယ်။

ကိုယ်နှင့်ခန္ဓာ
~~~~~~~
အေး၊ ဘုန်းကြီးတို့ ပရိသတ်၊ ကိုယ်မှာ ခန္ဓာငါးပါး ရှိပါတယ်။ ဝိပဿနာ ရှုရမယ်ဆိုရင် ကိုယ်မှာမရှု၊ ခန္ဓာမှာ ရှုရမှာပါ။ ရုပ်ခန္ဓာသည် ဖောက်ပြန်တဲ့ အလုပ်ကို လုပ်ပါတယ်။ ဝေဒနာက ခံစားတဲ့ အလုပ်ကို လုပ်ပါတယ်။ စသည်ဖြင့် ခန္ဓာ တစ်ပါးနှင့်တစ်ပါး အလုပ်ချင်းမတူပါ။ ခန္ဓာချင်းမတူတော့ အလုပ်ချင်းလည်း မတူပါ။

ခန္ဓာမကွဲရင်
~~~~~~~
ဖောက်ပြန်တဲ့ ရုပ်ခန္ဓာနဲ့ ခံစားတဲ့ နာမ်ခန္ဓာ မကွဲရင် တရားအားထုတ်ရတာ ပင်ပန်းပါတယ်။ ကွဲရင် မပင်ပန်း ပါ။ ဖောက်ပြန်တဲ့ ရုပ်သဘောကို ဘုရားရှင်က “ရဟန်းတော်များ အိုချစ်သားတို့၊ဖောက်ပြန်တတ်သောကြောင့် ရုပ်လို့ခေါ်တယ်” လို့ ဟောတော်မူပါတယ်။ အဘယ် အနက်သဘောကြောင့် ဖောက်ပြန်သလဲ။ အအေးကြောင့် လည်း ဖောက်ပြန်တယ်၊ အပူကြောင့်လည်း ဖောက်ပြန်တယ်။ အေးတယ်ဆိုတာ ရုပ်ပါ၊ ယခု ပူအိုက်နေလို့ ခန္ဓာက ဖောက်ပြန်နေတယ်။ ရုပ်ဟာ ဖောက်ပြန်တဲ့ အလုပ်ကို လုပ်ပါတယ်။ ပူလိုက် အေးလိုက်ပါ။ ရပ်မနေပါဘူး။ မှက်ကိုက်လို့ ခြင်ကိုက်လို့ ဖောက်ပြန်တယ်။ လေ၊ နေပူ၊ မြွေ၊ ကင်း၊ သန်း အတွေ့အထိ တို့ကြောင့် ဖောက်ပြန် တယ်။

ဆက်ရန်...

*ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတဆရာတော်ဘုရားကြီး၏ “ဝိပဿနာဆိုတာ ဘာလဲ” စာအုပ်မှ -

0 comments:

Post a Comment

 
Back to top!