Searching...
Sep 29, 2013

အတုယူဖွယ် မိလိန္ဒမင်းကြီး စိတ်ကိုပြုပြင်ပုံ



မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ အထိုက်အလျောက် မေးပြီးနောက် သာသနာတော်ဝယ်
လွန်စွာ အရေးကြီးသော ပြဿနာတို့ ကို မေးဖို့ ရန် အကြံဖြစ်လာသောအခါ ထိုပြဿနာများကို မမေးသေး ဘဲ ၇ ရက်ပတ်လုံး မိမိစိတ်ကို သမာဓိရအောင် ထိန်းသိမ်းစောင့်စည်း နေပုံမှာ သူတော်ကောင်း တို့ အတုယူစရာ ကောင်းလှပါသည်။

စောင့်စည်းပုံကား - နံနက်စောစော အိပ်ယာထပြီးလျှင် ကိုယ်လက်စင်ကြယ်အောင် ရေချိုး၍ ၀တ်ရိုး ၀တ်ဆင် အ၀တ်တန်ဆာများကို မ၀တ်တော့ဘဲ ဖန်ရည်ဆိုးသော အ၀တ်ဝါကို ၀တ်ဆင်ကာ ဦးခေါင်း လည်း ခေါင်းတုံးအသွင် မှတ်ထင်လောက်အောင် ခေါင်းစွပ်လျက် (ရဟန်းမဟုတ်သော်လည်း) ရဟန်းဟုပင် မှတ်ထင်ရလောက်အောင် ကြံဆောင်ဝတ်ဆင်ပြီးနောက် (၈) ပါးသော အချက်များကို ၇ ရက်လုံးလုံး မပျက်ပြားအောင် စိတ်၌ စွဲမြဲစွာ ဆောက်တည်လေသည်။ 
 
၈ ပါးကား - 
 ၁။ ၇ ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။
၂။ ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၃။ ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၎။ မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၅။ ကျေးတော်၊ ကျွန်တော်၊ အလုပ်သမား၊ အမှုတော်ထမ်းများ အပေါ်၌ သော်လည်းကောင်း စိတ်ကို နှိမ့်ချ၍ မာန်မာနမဖြစ်အောင် စောင့်စည်းမည်။
၆။ ကိုယ်မှု နှုတ်မှုများ ထူးခြားစွာ စောင့်ထိန်းမည်။
၇။ မြင်ရ ကြားရ တွေ့ ရ သိရသမျှသော အာရုံများအတွက် အကုသိုလ်မဖြစ်အောင် မျက်စိ နား စသော ဣနြေ္ဒများကို စောင့်စည်းမည်။
၈။ အားလုံးသတ္တ၀ါတို့ အပေါ်မှာ မေတ္တာစိတ်ထားမည်။

ဤ (၈) ပါးသော အချက်ကို (၇) ရက်လုံးစောင့်သုံးလျက် ၈ ရက်မြောက်နေ့ ၏ နံနက်အခါဝယ် နံနက်စာ စောစောစား၍ ဣနြေ္ဒကြီးမားလှသော ရဟန်းတော်ကဲ့သို့  စက္ခုနြေ္ဒချပြီးလျှင်  စကားပြောဆင်ခြင် ကာ အရှင်နာဂသိန်အထံသို့  ကြည်လင်ရွှင်ပျ အေးမြသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်လျက် လေးနက်စွာသော
ပြဿနာများကို မေးလျှောက်လေသည်။

ဤမိလိန္ဒမင်းကြီး၏ ၇ ရက်လုံးလုံး စိတ်ပြုပြင်ပုံကို အတုယူလျက် သူတော်ကောင်းဘက်က အထက် တန်းရောက်သော အမျိုးသား အမျိုးသမီးများလည်း မိမိနေအိမ်မှာပင် တစ်နေ့ တစ်ရက် တစ်နံနက် စသည်ဖြင့် ရက်ပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသော အကုသိုလ်စိတ်များ မဖြစ်ရလေအောင် မကြာမကြာ
အထူးစောင့်စည်း သင့်ပေသည်။ ဤသို့  စောင့်စည်းဖန်များလျှင် အကုသိုလ်စိတ် အထူးနည်းပါးသော သူတော်စင်အဖြစ်သို့  တက်ရောက်၍ သဒ္ဓါထူး ပညာထူး ပေါ်ပေါက်လာပါလိမ့်မည်။ ရက်ပေါင်းအတော် ကြာအောင် နဂိုဖြစ်တတ်သော အကုသိုလ်စိတ်များ မဖြစ်ဘဲ ရှိပါလိမ့်မည်။

"ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်၏။ ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏။ သတ္တ၀ါအားလုံးပင် စိတ်တည်းဟူသော တရားတစ်ခု၏  အလိုသို့ လိုက်နေရသည်။" (တရားတော်)

(မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ- ကိုယ်ကျင့်အဘိဓမ္မာ မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

0 comments:

Post a Comment

 
Back to top!