Searching...
Oct 4, 2013

အမိမဲ့သား ရေနည်းငါး


ငါးဆိုသည်မှာ ရေကိုအမှီပြု၍ နေရ ခြင်းဖြစ်သည်။ သူတို့ မှီခိုအားထားရာ ရေ ပမာဏအနည်းအများကို လိုက်၍ သူတို့၏ လွတ်လပ်ပျော်ရွှင်မှုရသည်။ ပင်လယ်ကြီး ထဲတွင်နေရသောအခါ ဧရာမငါးကြီးတွေအဖြစ် လွတ်လပ်ပျော်ရွှင်စွာ ကျက်စားနိုင် ကြသည်။ ပုလင်းကလေးတစ်လုံးထဲသို့ ရောက်သွားသော ငါးတစ်ကောင် မှာ မလှုပ် သာမလှည့်သာ။ မြှုံးထဲသို့ရောက်သွားသူကတော့ နိဂုံးကမ္ပတ်အဆုံးသတ်ဖို့ မဝေး တော့ပြီ။ ရေ ကန်ငယ်လေးထဲတွင်လည်း နေရမည်။ မိမိရှင်သန်နေထိုင်ရာ ရေကန်သည် လည်း တဖြည်းဖြည်း အငွေ့ပျံခြောက်သွ့လာမည်ဆိုလျှင်မူကား ထိုကန်ထဲတွင်ဖြစ် ကြရသော ငါးကလေးများမှာ တထိတ်ထိတ် တလန့်လန့် ဖြစ်နေရှာပေလိမ့်မည်။ မိခင်မဲ့သွားသော လူမမယ်ကလေးသူငယ်တို့မှာလည်း ထိုသို့ပင်ရှိချေ လိမ့်မည်။ သူ တို့၏အားကိုးရာ၊ ခိုလှုံရာသည် မိခင်ရင်ခွင်သာဖြစ်ရာ မိခင်မရှိတော့သော ကလေး တစ်ယောက်၏ ဘဝနှင့်ရေမရှိတော့သော ကန်ထဲ၌ ဖြစ်ရသော ငါးကလေးတွေဘဝ တူညီနေပေသည်။

မြန်မာ့နိုင်ငံရေးတွင် အမိနှင့်သော်လည်းကောင်း၊ ရေနှင့်သော်လည်းကောင်း တူသည်ဟုသတ်မှတ် ကာ ပြည်သူလူထုက အားကိုးကြသည်မှာ ဒီမိုကရေစီဘက်တော် သားများဟု ယုံကြည်ကြသော အတိုက် အခံ ခေါင်းဆောင်များကို ဖြစ်သည်။ အောက်ခြေမှ ပြည်သူလူထု ခံစားနေရသော ဒုက္ခများကို ပြည်သူ့ ကိုယ်စား အသံ မြည်ပေးကြသူများအဖြစ် ထိုသူများကို အားထားခဲ့ကြပါသည်။ တစ်ချိန်ကဆိုလျှင် မြန် မာ့နိုင်ငံရေး၌ အတိုက်အခံတို့ အလွန်ပင် အားကောင်းမောင်းသန် ရှိခဲ့ကြသည်။ ပြည်ပ သို့ ရောက်နေကြသော NLDအပါ အဝင် ပြည်ပရောက် ဒီမိုကရေစီဘက် တော်သားများ၏အသံသည် လည်းကောင်း၊ ပြည်တွင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ထိုစဉ်က အထွေထွေအတွင်းရေး မှူး) ဒေါ်အောင်ဆန်းစုကြည်နှင့် NLDခေါင်း ဆောင်ပိုင်းတို့သည်လည်းကောင်း၊ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်များ သည်လည်းကောင်း၊ မတရားအသင်း သတ်မှတ်ခံထားရသော အသင်းအဖွဲ့အမျိုး မျိုးသည်လည်းကောင်း၊ ပြည်သူလူထုရှေ့ မှ မားမားမတ်မတ်ရပ်ကာ စစ်အစိုးရ၏ မတရားသော အမိန့် အာဏာများ၊ ဖိနှိပ်ချုပ်ချယ်မှုများကို ရဲရဲဝံ့ဝံ့ ဝေဖန်ထောက် ပြခဲ့ကြသည်။ မတရားဘူးထင်လျှင် အချိန်မဆိုင်း ဘဲ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ရက်ရက်စက်စက် ဖိနှိပ်တိုက်ခိုက်နေသည့် ကြားမှ ရုန်းထအန်တုခဲ့ကြ ပါသည်။ ထို့ ကြောင့် ပြည်သူလူထုမှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို မရကြသေးသော်လည်း မိမိတို့ ဘက်မှ ပြတ်ပြတ်သားသားရပ်တည်မည့် အဖွဲ့အစည်းများရှိနေသေးသည့် အတွက် အားရကျေ နပ်ခဲ့ကြပါသည်။ စစ်အစိုးရက မကောင်းတာလုပ်သော်လည်း မကောင်းသည်ကို မကောင်းဟုအော်မည့် သူများရှိနေခဲ့ကြပါသဖြင့် ဖြေသာပါသေး သည်။

ထိုအခင်းအကျင်းသည် ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက် ပွဲကြီးအပြီးတွင် အင်အား ချိန်ခွင်လျှာ ပြောင်းလဲသွားခဲ့ပါသည်။ ပြည်သူလူထုဘက်မှ ကူပြောပေးမည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှာ လွှတ်တော်နှင့် ရွေး ကောက်ပွဲကော်မရှင်၏ မြောက်မြားလှသော နှောင်ကြိုးများဖြင့် တုတ်နှောင်ခြင်း ခံလိုက်ရတော့သည်။ ယခင်က ပြည်သူ့ရှေ့မှ ရဲရဲတောက် ရပ်တည်ခဲ့သော NLD မှာယခုအခါ ငြိမ်ချက် သားကောင်းလှသည်။ ပြည်သူလုထု၏ နစ်နာမှုများမှာ မည်သူ့ကို တိုင်တမ်းရမှန်းမသိတော့ပါ။ ပြည်သူ လူထု၏ မျက်ရည်စများကို ကူသုတ်ပေးမည့် အတိုက်အခံအဖွဲ့အစည်း မရှိတော့ပါ။ နိုင်ငံရေးအဖွဲ့အစည်း အမျိုးမျိုးမှာလည်း အစိုးရနှင့် အပေးအယူတွေ လုပ်လိုက်ကြလေပြီ။ ကျောင်းသားခေါင်း ဆောင်များမှာလည်း ယခင်က ပြတ်သား ရဲဝံ့ကြသလောက် ယခုအခါ တွေဝေယိမ်း ယိုင်နေလေပြီ။ နိုင်ငံရေးလုပ်ငန်းများထက် စာအုပ်ထုတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ သီချင်း ဆိုခြင်း၊ စာပေဟောပြောခြင်း စသည့် လူလုံးပြအလုပ်များတွင်သာ အားစိုက်လုပ် ဆောင်နေကြသည်။ နိုင်ငံရေးဆိုသည်မှာ ဆန့်ကျင်ဘက်ချည်းပဲလည်းမဟုတ်၊ အပြု သဘော ပူးပေါင်းဆောင်ရွက်မှုမျိုးလိုသည်ဟူသော်လည်း ရပ်တည်ချက် လုံးဝမတူ သူများနှင့် အပေါ် ယံပြုံးပြနေကြခြင်းသည် ပြည်သူလူထုက တောင့်တနေသော အပြောင်းအလဲအစစ်မဟုတ်ကြောင်း သတိ ချပ်စေလိုပါသည်။

ချဉ်ဖတ်အိုးထဲသို့ကျသွားသော မုန်လာတစ်ဖတ်သည် အလိုလို ချဉ်ဖတ်ဘဝ ရောက်သွားပေလိမ့်မည်။ အလုပ်သမား၊ လယ်သမား၊ အခြေခံလူထုသည် သူတို့၏ လိုလားတောင့်တချက်များကို ကိုယ်စားပြုဆောင် ရွက်ပေးမည့် အတိုက်အခံ ပျောက်ဆုံးနေသဖြင့် ဥစ္စာရင်လို ဥစ္စာရင်ခဲဟူသောသဘောနှင့် ကိုယ် တိုင်တောင်းဆို၊ တိုက်ပွဲဝင်ရာမှ ဥပဒေမဲ့အစွန်းရောက် လုပ်ရပ်များဆီသို့ မရည်ရွယ်ဘဲ ရောက် ရှိသွားကာ နစ်နာသူများက ဥပဒေချိုးဖောက်သူများ ဖြစ်သွားရပြန်သည်။ အလုပ် ပြုတ်သွားသော အလုပ်သမားများ၊ လယ်ယာမဲ့သွားသော လယ်သမားများ၊ မတရား သည့် အမိန့်အာဏာများကို အတိုက်အခံများက လူထုကိုယ် စား ရဲရဲဝံ့ဝံ့ ယခင်လို မရပ်တည်ကြသဖြင့် ပြည်သူလူထုမှာ အမိမဲ့သား ရေနည်းငါးဖြစ်နေကြဦး မည် ဖြစ်သည်။
 
 From : ..News Watch

0 comments:

Post a Comment

 
Back to top!