Searching...
Oct 29, 2013

ဆက်ဆံရေး ဥပဒေသ



လူတစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါမှာ လိုက်နာရမယ့် ဆက်ဆံရေးဥပဒေသ ၃ ရပ်ရှိပါတယ်... အဲ့ဒါတွေကတော့

၁) လိမ်လည်ပြောဆိုခြင်းမပြုဖို့
၂) လိမ်လည်လှည့်စားခြင်းမပြုဖို့နဲ့
၃) မထိန်းနိုင်တဲ့ ကတိတွေမပေးဖို့ တို့ပဲဖြစ်ပါတယ်...

လိမ်လည်ပြောဆိုခြင်း

လိမ်လည်ပြောဆိုခြင်းဆိုရာမှာ မရှိတာကို အရှိထင်လာအောင်... မဟုတ်တာကို အဟုတ်ထင်အောင်ပြောတာတွေပါသလို ရှိတာကို မရှိဘူးထင်အောင်... ဟုတ်တာကို မဟုတ်ဘူးထင်အောင်ပြောဆိုတာမျိုးတွေလည်း အကျုံးဝင်ပါတယ်...

လိမ်လည်ပြောဆိုတဲ့ သူတွေဟာ ရိုးသားမှုမရှိတဲ့သူတွေဖြစ်ပါတယ်... ရိုးသားမှုမရှိတဲ့ ဆက်ဆံရေးဟာ ဘယ်လိုမှ တာရှည်မခံနိုင်ပါဘူး... လိမ်လိုက်တဲ့ ညာလိုက်တဲ့ခဏမှာ တစ်ဖက်လူက ယုံသွားနိုင်ပေမဲ့ တစ်ချိန်ချိန်မှာတော့ အမှန်ကို ပြန်သိသွားမှာပါပဲ....

ဒါကြောင့် လူတစ်ဦးနဲ့ တစ်ဦးဆက်ဆံတဲ့အခါမှာ လိမ်လည်ပြောဆိုခြင်း မပြုဘဲ ရိုးသားမှုအရင်းခံပြီး ပြောဆိုဆက်ဆံမှသာ ရေရှည်ခိုင်မာတဲ့ ဆက်ဆံရေးမျိုးတည်ဆောက်နိုင်ပါလိမ့်မယ်...

ရိုးသားတဲ့ စိတ်အရင်းခံနဲ့ မိမိအခြေအနေမှန်ကို မဖုံးမကွယ်ဘဲ အသိပေးလိုက်တာက
ရေရှည်အတွက်ပိုကောင်းပါတယ်...ကိုယ့်မှာမရှိတဲ့အရာတွေကို ရှိသလိုလုပ်ပြီး လိမ်ညာဆက်ဆံနေမယ်ဆိုရင် အမှန်ကိုသိသွားတာနဲ့ ကိုယ့်ကိုရှောင်ဖယ်သွားမှာသေချာပါတယ်...

ရိုးသားမှုထက်ကောင်းတဲ့ အဆင်တန်ဆာဆိုတာမရှိပါဘူး... ရိုးသားတဲ့အတွက် ရှက်စရာလည်းမလိုပါဘူး... ကိုယ့်လက်ရှိအခြေအနေကို လက်မခံနိုင်တဲ့သူတွေဟာ ရေရှည်အတွက်လည်း
ကိုယ့်အပေါ်သဘောထားမှန်မှန်နဲ့ ဆက်ဆံသွားမယ့်သူတွေ မဟုတ်ပါဘူး... သင့်ရိုးသားမှုရဲ့ တန်ဖိုးကို သိမြင်နားလည်သူတွေဟာ သင့်ကိုရွေးချယ်ကြပါလိမ့်မယ်...

သင့်ကိုမိတ်ဆွေအပေါင်းအသင်းအဖြစ် ရွေးချယ်တာဟာ သင့်အပိုင်းမဟုတ်ပါဘူး... ရိုးသားမှုအရင်းခံနဲ့ မလိမ်မညာဘဲ ပြောဆိုဆက်ဆံဖို့ကသာ သင့်တာဝန်ဖြစ်ပါတယ်... ကိုယ့်တာဝန်ကိုယ်ကျေရင် ဆက်ဆံရေးမှာ အောင်မြင်အဆင်ပြေနိုင်ပါတယ်...

လိမ်လည်လှည့်စားခြင်း

လိမ်လည်လှည့်စားခြင်းဆိုတာကလည်း လိမ်လည်ပြောဆိုခြင်းကို အဆင့်မြင့်မြင့်လုပ်ဆောင်တဲ့သဘောဖြစ်ပါတယ်... လိမ်လည်လှည့်စားတဲ့နေရာမှာ စကားလုံးတွေနဲ့ ပြောဆိုတာမျိုးပါချင်မှပါပါလိမ့်မယ်...

ဒါပေမဲ့ တစ်ဖက်လူကို မိမိလိုချင်တဲ့အခြေအနေအတွင်း ရောက်ရှိသွားအောင် နည်းလမ်းအမျိုးမျိုးနဲ့ ပြုလုပ်လိုက်တာမျိုးဖြစ်ပါတယ်... လိမ်လည်ပြောဆိုတာကို လုံ့လစိုက်ထုတ်စရာ သိပ်မလိုဘဲ လုပ်ဆောင်နိုင်ပေမဲ့ လိမ်လည်လှည့်စားတဲ့နေရာမှာတော့ လုံ့လစိုက်ထုတ်ရပါတယ်...

ဒါကြောင့်လည်း လှည့်စားခံရတဲ့သူတွေဟာ ပိုပြီးယုံကြည်သွားတတ်ကြပါတယ်... ဒါပေမဲ့လိမ်လည်တယ် လှည့်စားတယ်လို့ဆိုကတည်းက လက်ရှိအခြေအနေနဲ့ ကင်းကွာနေတာဖြစ်ပါတယ်... ကိုယ်လိုချင်တဲ့အခြေအနေရအောင် လှည့်စားသိမ်းသွင်းနိုင်ပေမဲ့ အချိန်အတိုင်းအတာ တစ်ခုရောက်လာတဲ့အခါမှာတော့ လှည့်စားခံရသူကလည်း အခြေအနေမှန်ကို သိရှိသွားမှာပါပဲ...

ရေရှည်ခိုင်မာတဲ့ ဆက်ဆံရေးမျိုးကို လိုချင်တဲ့သူတွေဟာ လိမ်လည်လှည့်စားမှုတွေကို ဘယ်တော့မှ မလုပ်သင့်ပါဘူး... နောက်တစ်ချက်က အလှည့်စားခံရလိုက်တာကို သိတဲ့အခါ စိတ်ထဲမှာပိုပြီး ခံရခက်ပါတယ်... ဒီအချက်ဟာ ဆက်ဆံရေးလမ်းဆုံးကိုရောက်သွားအောင် ပြုလုပ်ပေးတဲ့ အဓိက အချက်လည်းဖြစ်ပါတယ်...

မိမိက ကောင်းမွန်တဲ့စေတနာနဲ့ လှည့်စားမှုပြုလုပ်ခဲ့တယ်ဆိုရင်တောင် တစ်ဖက်လူအနေနဲ့ နားလည်လက်ခံပေးနိုင်ဖို့မလွယ်ကူပါဘူး... စေတနာမှန်ပေမဲ့လုပ်ဆောင်ချက်မှားနေရင် ထိရောက်သင့်သလောက် မထိရောက်တာကို သတိပြုသင့်ပါတယ်...

ဒါကြောင့် ရေရှည်ခိုင်မာတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်မယ့်သူတွေကြားမှာ ဘယ်လိုလိမ်ညာလှည့်စားမှုမျိုးကိုမှ မပြုလုပ်သင့်ဘူးဆိုတာကို အမြဲမပြတ်သတိပြုဆင်ခြင်သင့်ပါတယ်...

မထိန်းနိုင်တဲ့ကတိများ

ကတိဆိုတာ မိမိအနေနဲ့ အလုပ်တစ်ခုကို တစ်စိုက်မတ်မတ် လုပ်ဆောင်ထိန်းသိမ်းသွားမယ်လို့ တိုင်တည်အသိပေးတဲ့သဘောဖြစ်ပါတယ်... မင်းမှာ သစ္စာ လူမှာကတိ ဆိုတဲ့ စကားလည်း ရှိပါတယ်...

တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူတွေဟာ သစ္စာတရားကို လက်ကိုင်ထားပြီး အုပ်ချုပ်စီမံရသလို လူမှုဝန်းကျင်မှာ ကျင်လည်နေကြရသူများအနေနဲ့ ကတိတစ်လုံးကို တန်ဖိုးထား ထိန်းသိမ်းသွားဖို့ အရေးကြီးပါတယ်...

ကတိမတည်တဲ့သူ သစ္စာမရှိတဲ့သူတွေကို ဘယ်သူကမှ မယုံကြည်ကြပါဘူး... တစ်နပ်စားအကြံနဲ့ မထိန်းနိုင်တဲ့ကတိတွေပေးတတ်သူဆိုရင်တော့ အကုန်လုံးကဝေးဝေးကရှောင်ပါလိမ့်မယ်... လူသတင်းလူချင်းဆောင်တဲ့အတွက် သင့်ရဲ့ မကောင်းတဲ့အချက်တစ်ချက်ဟာ အလျင်အမြန်ပျံ့နှံ့သွားနိုင်ပါတယ်... အထူးသဖြင့် မကောင်းသတင်းတွေကို ပိုပြီးမြန်မြန်ဆန်ဆန် လက်ဆင့်ကမ်းတတ်ကြပါတယ်...

ကတိတစ်ခုပေးပြီးပြီဆိုရင် အဲ့ဒီကတိကို အမြဲထိန်းသိမ်းစောင့်ရှောက်ရပါမယ်... ကတိတည်တဲ့သူ သမာသမတ်ရှိတဲ့သူတွေကိုသာ လူတွေက ယုံကြည်ကြပါတယ်... နှစ်သက်လက်ခံကြပါတယ်... အပေါင်းအသင်းပြုလုပ်လိုကြပါတယ်...

ကိုယ်တကယ်မတတ်နိုင်တဲ့ မလုပ်နိုင်တဲ့အရာတစ်ခုကို တစ်ဖက်လူစိတ်ကြိုက်ဖြစ်စေဖို့အတွက်နဲ့ အလွယ်တကူ ကတိမပေးလိုက်ပါနဲ့... မထိန်းနိုင်တဲ့ကတိပေးတာထက်စာရင် ရနိုင်တဲ့အခွင့်အရေးကို လက်လွှတ်လိုက်တာက သင့်အတွက် ရေရှည်မှာ ပိုကောင်းနိုင်ပါတယ်... ကတိမတည်သူ ဆိုတဲ့ အမည်းစက်မျိုးလည်း သင့်သမိုင်းမှာ ရေးထိုးစရာ အကြောင်းမရှိတော့ပါဘူး...

ဒါကြောင့် ရေရှည်ခိုင်မာတဲ့ဆက်ဆံရေးမျိုး.. အောင်မြင်တဲ့ဆက်ဆံရေးမျိုးကို လိုချင်တဲ့သူတွေဟာ ပေးထားတဲ့ကတိကို ထိန်းနိုင်ဖို့အရေးကြီးသလို ကတိပေးမလွယ်ဖို့ မပေးနိုင်တဲ့ကတိတွေကိုမပေးဖို့လည်း အထူးအရေးကြီးပါတယ်...

နှိုင်းရင့်နွေ

0 comments:

Post a Comment

 
Back to top!