Searching...
Nov 4, 2013

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ထပ်မံဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံး



ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ထပ်မံဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးရခိုင်ပြည်နယ် ပေါက်တောမြို့ နယ် ဆင်တက်မော် ကျေးရွာ အုပ်စုတွင် နိုဝင်ဘာလ ၂ ရက် ညနေပိုင်းက အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပေါက်တောမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ ဆင်တက်မော် ကျေးရွာအုပ်စု ဆင်အိုင်ရွာမှ အမျိုးသမီး၂၀ ခန့်သည် နိုဝင် ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ချောင်းစပ်၌ ငါး၊ ခုံးရှာနေစဉ် ဘင်္ဂါလီသုံးဦးက ဝင်ရောက် တိုက်ခိုက် မှုကြောင့် တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးတွင် လက်မောင်း ပြတ်ရှဒဏ်ရာ ရရှိကာ စစ်တွေမြို့ ဆေး ရုံတွင် အတွင်းလူနာ အဖြစ် ကုသနေရကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

ယင်းဖြစ်စဉ် မတိုင်မီ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်တွင် ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် ဆင်တက်မော် ကျေးရွာအနီး သာသနာပိုင်မြေတွင် ငှက်ချောင်းကျေးရွာမှ ဘင်္ဂါလီများက ထင်းခုတ်သဖြင့် ရခိုင်တိုင်းရင်းသားများက ဟန့်တားခဲ့ရာ ထွက်ပြေးသွားကြောင်း၊ ဘင်္ဂါလီများသည် လူအုပ်ဖြင့် ယင်းနေရာ ကို ထပ်မံရောက်ရှိလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ခတ် ဟန့်တားမှုများ ပြုလုပ်ခဲ့ ရကြောင်း အထက်ပါ တာဝန်ကျ ရဲအရာရှိက ဆိုသည်။

သေနတ် ပစ်ခတ်မှုကြောင့် ဘင်္ဂါလီအချို့ ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသော် လည်း လူဦးရေ မည်မျှ ထိခိုက်ဒဏ်ရာ ရရှိသည်ကို ဖော်ပြခြင်း မရှိသေးပေ။ အဆိုပါ ဖြစ်စဉ် ကို ပေါက်တောမြို့မ ရဲတပ်ဖွဲ့စခန်းက ပုဒ်မ ၃၀၂/၃၂၆/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင် ရွက်နေကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

ရဲတပ်ဖွဲ့က အထက်ပါ အတိုင်း ပြောဆိုထားသော်လည်း ဘင်္ဂါလီများ နေထိုင်သည့် ဆင်တက်မော်ကျေးရွာမှ ဘင်္ဂါလီ ၂၀ ခန့်က ထင်းခုတ်နေစဉ် ရခိုင်တိုင်းရင်းသားများက ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ထွက်ပြေး ခဲ့ရကြောင်း၊ ငါးဦးခန့် ထွက်ပြေး မလွတ်မြောက်ဘဲ ကျန်နေခဲ့၍ ဘင်္ဂါလီ လူအုပ်ဖြင့် ပြန်လည် ရှာဖွေရာ သေဆုံးနေသည့် ဘင်္ဂါလီ အမျိုးသား နှစ်ဦးကို တွေ့ရှိခဲ့ကြောင်း ဆင်တက်မော် ကျေးရွာမှ ဘင်္ဂါလီလူမျိုး ဦးအောင်နိုင်က ပြောကြားသည်။

“ပျောက်ကျန်နေတဲ့ သူတွေကို လူ ၃၀၀ နဲ့ ရှာတဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တားတယ်။ လူခုနစ်ဦး ဒဏ်ရာရတယ်” ဟု ၎င်းကဆိုသည်။ ဘင်္ဂါလီနှစ်ဦး သေဆုံးမှု ရှိ မရှိကို The Voice က ရဲတပ်ဖွဲ့ထံ မေးမြန်းရာ ရဲတပ်ဖွဲ့က ယင်းသို့ သေဆုံးမှုရှိ မရှိကို အတည်ပြုနိုင်ခြင်း မရှိကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်း ထံမှ သိရသည်။ “ဘင်္ဂါလီ အလောင်းတွေတော့ မရဘူး။ ဒဏ်ရာရတဲ့ သူတွေကိုလည်း NGO တွေ က စစ်တွေကို ယူသွားတယ်” ဟု ပေါက်တောမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦး က ပြောကြားသည်။

အဆိုပါ ဘင်္ဂါလီများ သေဆုံးသည့်ကိစ္စ အပါအဝင် ပေါက်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်းမရှိပေ။ နိုဝင်ဘာလ ၃ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အထိ သိရှိရသော အချက်အလက်များ အရ အသက် (၁၇) နှစ်အရွယ် ဘင်္ဂါလီ တစ်ဦး သေဆုံးကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးမှ သိရှိရသည်။

အဆိုပါ အကြမ်းဖက်မှု များနှင့် ပတ်သက်၍ ပေါက်တောမြို့တွင် နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက ရခိုင်တိုင်းရင်းသား မြို့မိ မြို့ဖများ၊ နိုင်ငံရေးပါတီများ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့နှင့် မြို့လူထု အပါအဝင် လူဦးရေ နှစ်ထောင်ခန့် တွေ့ဆုံဆွေးနွေးကာ အချက်ကိုးချက် ပါ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

အချက် ကိုးချက်တွင် လူ့အဖွဲ့အစည်း နှစ်ခုကြား ခွဲခြားဆက်ဆံခြင်း၊ သွေးထိုး လှုံ့ဆော်ခြင်းများ လုပ်ဆောင်နေသည့် NGO၊ INGO များ နှစ်ရက်အတွင်း ပေါက်တောမြို့နယ်မှ ထွက်ခွာပေးရန်၊ မလုံ မခြုံ ဖြစ်နေသည့် ဌာနေ တိုင်းရင်းသားများ၏ လုံခြုံရေးကို သက်ဆိုင်ရာက ထိရောက်စွာ ဆောင်ရွက်ပေးရန် စသည်တို့ ပါဝင်သည်။ ရခိုင်ပြည်နယ်တွင် ဆူပူအကြမ်းဖက်မှုများ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်းတစ်သိန်း ငါးသောင်းခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

By The Voice Journal

0 comments:

Post a Comment

 
Back to top!